ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်စက်မှုဇုန်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်အတွင်းရှိ စက်ရုံ/ အလုပ်ရုံများမှ ကာယ၊ ဉာဏဝန်ထမ်းများအား အကြိုအခြေခံမီးသတ်ပညာသင်တန်းပေးခြင်း ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက စက်မှုဇုန် ကနောင်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်က ယခုဖွင့်လှစ်သောသင်တန်းသည် မိမိတို့လုပ်ငန်းဌာန၏ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အလွန်အရေးကြီးသော သင်ကြားမှုများဖြစ်ကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် မီးဘေးဆိုင်ရာအသိပညာများကို မိမိတို့နေအိမ်၊ မိမိတို့၏မိသားစုများနှင့် မိမိတို့ပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ်ကျရောက်လာပါက လက်တွေ့အသုံးချ ကူညီဆောင်ရွက်နိုင်စေရန် ဂရုတစိုက်သင်ကြားသွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမြင့်က စက်မှုဇုန်အတွင်းရှိ စက်ရုံ/အလုပ်ရုံများတွင် မီးဘေးအန္တရာယ်ကြောင့် မလိုလားအပ်သည့် ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပွားပါက စက်ရုံ/အလုပ်ရုံအလုပ်သမားများအနေဖြင့် ကြိုတင်မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများအား စနစ်တကျဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အကြိုအခြေခံသင်တန်းသားများအား လေ့ကျင့်ရေးဝတ်စုံများပေးအပ်ခဲ့ပြီး ဒဂုံမြို့သစ်ခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်အတွင်းရှိ စက်ရုံ/အလုပ်ရုံများမှ ဝန်ထမ်းများအား အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ်(၁/၂၀၂၅)အား ဒီဇင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ သင်တန်းသား(၆၁)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)