ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့်တာဝန်ရှိသူများ ကျောက်ဆည်မြို့ မဲပေးမည့်နေရာများနှင့် မဲပေးစက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ကျောက်ဆည် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ အဖွဲ့ဝင် (၁) ဦးရွှေလတ်ဇင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း (ညွှန်မှူး) တို့သည် ယမန်နေ့နံနက် ၁၁ နာရီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကျောက်ဆည်မြို့နယ်အတွင်း မဲရုံဆောင်ရွက်မည့် နေရာများနှင့် မဲပေးစက်ထားရှိသည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မဲရုံဆောင်ရွက်သွားမည့် ကျောက်ဆည်မြို့ အမှတ်(၁)၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်တွေ့ဆုံပြီး မဲရုံများ၏လုံခြုံရေးအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မဲရုံအတွင်းလျှပ်စစ်မီးရရှိရေး၊ သောက်ရေသန့်နှင့်သန့်စင်ခန်းများ စနစ်တကျဆောင်ရွက်ထားရှိရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များထားရှိသည့် မြို့တော်ခန်းမတို့သို့ သွားရောက်ခဲ့ပြီး မဲပေးစက်ထိန်းသိမ်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)