ထန်းတပင်မြို့နယ် အမှတ်(၂)ရပ်ကွက် ယုဇနလမ်း၌ ပြည်သူမှပြည်သူ့ထံသို့ အခြေခံစားသောက် ကုန်ပစ္စည်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေလှူဒါန်း

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဝင်ငွေနည်း အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ၏ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် ပြည်သူမှ ပြည်သူထံသို့ ပြန်လည်၍ ဖြန့်ဝေလှူဒါန်း ပေးခြင်းအစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ယုဇလမ်းတွင် အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်း (Mask) များကို အလှူရှင်မိသားစုတစ်စုတို့မှ အဆိုပါလမ်းရှိ အိမ်ထောင်စု(၁၄)စုထံသို့ ပြန်လည်၍ ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

နှစ်သစ်ကူး အလှူဒါန မိသားစုတွေ စုပေါင်းပြီးတော့ အမှတ်(၂)ရပ်ကွက်၊ ယုဇနလမ်းအတွင်း မှာရှိတဲ့ ဝင်ငွေနည်းအခြေခံ လက်လုပ်လက်စား အိမ်ထောင်စုတွေကို ပြန်လည်ပြီး ဖြန့်ဝေလှူဒါန်းပေးတာပါ၊ အရင်ပထမအကြိမ်တုန်းက အိမ်ထောင်စု(၁၃)စုကိုတော့ လှူဒါန်းပေးပြီးသွားပါပြီ အခုဒုတိယအကြိမ်မှာကြတော့ အိမ်ထောင်စု(၁၄)စုကို လှူဒါန်းပေး ဖြစ်တာပါဟု အလှူရှင် ဦးအေးဝင်းမှ ရှင်းပြ သည်။

အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်း (Mask) များ ပြန်လည်၍ ဖြန့်ဝေလှူဒါန်းပေးရာတွင် အလှူရှင် ဦးအေးဝင်းနှင့်ဇနီး ဒေါ်တင်တင်ရှု မိသားစုတို့မှ အမှတ်(၂)ရပ်ကွက် ယုဇန လမ်းရှိ ဝင်ငွေနည်းအခြေခံ လက်လုပ်လက်စား အိမ်ထောင်စု(၁၄)စုတို့အား တစ်အိမ်ထောင်စုလျှင် ဆန်နှစ်ပြည်၊ ဆီတစ်ပိဿာ၊ ကြက်ဥငါးလုံး၊ ဆားတစ်ထုတ်၊ အချိုမှုန့် တစ်ထုပ်၊ သီးစုံဓာတ်ဆားဖျော် ရည်(၁)ထုပ်နှင့် နှာခေါင်းစည်း (Mask)တစ်ဘူးတို့ကို ပေးအပ်လှူဒါန်းပေးခဲ့ကြပြီး ဗလာမပါကံစမ်းမဲ များကိုလည်း ဖောက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)