ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တပ်ကုန်းမြို့နယ် သာသနိကအဆောက်အဦ ဗုဒ္ဓသာသနာပြု ဗိမာန်တော်တွင်းဝင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား တက်ရောက်

တပ်ကုန်း ဒီဇင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ မန္တလေး မြေငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးအစား နှစ်ထပ်ဗုဒ္ဓသာသနာပြုဗိမာန် သာသနိကအဆောက်အဦ ပြန်လည်တည်ဆောက်ရေးတွင်းဝင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဗိမာန်တော်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တစန္ဒသိရီ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသောမန၊ ရပ်ကွက်၊ ကျေးရွာသံဃနာယက ဥက္ကဋ္ဌဆရာတော်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်းနှင့် ခရိုင်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် ဌာနဆိုင်ရာများ၊ ဗိမာန်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ ဗိမာန်တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များတက်ရောက်ကြပြီး၊ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒသိရီထံမှ ကိုးပါးသီလခံယူခြင်း၊ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များအား ဆရာတော်ကြီးများထံ ဆက်ကပ်ခြင်း၊ ဆရာတော်ကြီးများထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး၊ ဆရာတော်များထံ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များ၊ အလှူရှင်များက ရတနာပန္နက်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များက ဗိမာန်တော်တည်ဆောက်ရေးအတွက် အလှူငွေကျပ် ၁၀၈ သိန်းနှင့် မြို့နယ်တွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအတွက် တစ်ကျောင်းလျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် ၁၄၆၅၀၀၀၀ ကျပ်အား ပေးအပ်လှူဒါန်းခဲ့ပြီး၊  မြို့ဦးပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝထံမှ  အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှဝေခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊  ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗိမာန်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်၊ ဗိမာန်တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူတို့က ရတနာရွှေပန္နက်၊ ငွေပန္နက်တော်များတင်လှူကာ အမွှေးနံသာများ ပက်ဖျန်းပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ထမင်းဖြူ၊ နို့စိမ်း၊ ပေါက်ပေါက်၊ သောက်ရေသန့်တို့ဖြင့် မေတ္တာပြုနဂါးစာကျွေး၍ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်