မူဆယ်မြို့တွင် မော်တော်ယာဉ်များ သတ်မှတ်စည်းကမ်းများ လိုက်နာစေရေး အသိပညာပေး ဆောင်ရွက်

မူဆယ် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မော်တော်ယာဉ်များ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် နံပါတ်ပြားများ တပ်ဆင်မောင်းနှင်ရေးနှင့် ပါဝါအိတ်ဇောများ တပ်ဆင်မောင်းနှင်မှုမရှိစေရေး သတိပေးကြေညာချက် ဗီနိုင်းပိုစတာများကို မူဆယ်မြို့ရှိ အချက်အချာကျသောနေရာများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြော်ငြာထားကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မူဆယ်မြို့၊ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကြီးမှူး၍ တာဝန်ရှိသူများလိုက်ပါလျက် မော်တော်ယာဉ်များ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် မော်တော်ယာဉ်နံပါတ်ပြားမဟုတ်ဘဲ အခြားနံပါတ်ပြားများတပ်ဆင်ခြင်း၊ အလှဆင်ပြပြင်ထားသည့် နံပါတ်ပြားများတပ်ဆင်ခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များတွင် အသံပိုမိုကျယ်လောင်စေရန် အသံထိန်းကိရိယာများ ပြောင်းလဲတပ်ဆင်ခြင်း၊ အသံထိန်းကိရိယာများဖြုတ်၍ မောင်းနှင်ခြင်း၊ ဆူညံသံဖြစ်ပေါ်စေသည့် ကိရိယာတင်ဆင်အသုံးမပြုကြရန်နှင့် တပ်ဆင်အသုံးပြုသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးတပ်ယာဉ်များအား ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်မောင်းသူများနှင့် ယာဉ်ပိုင်ရှင်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် သတိပေးကြေညာချက်များပါသည့် (၆ ပေ × ၄ ပေ) အရွယ် ဗီနိုင်းပိုစတာများအား မူဆယ်မြို့အတွင်းရှိ အချက်အချာကျသော မြို့ဝင်မီးပွိုင့်လမ်းဆုံ၊ ကံ့ကော်ပင်မီးပွိုင့်လမ်းဆုံ၊ မြို့လယ်နာရီစင်လမ်းဆုံနှင့် ရထိုက်မီးပွိုင့်လမ်းဆုံများတွင် လိုက်လံတပ်ဆင်၍ အသိပေးကြော်ငြာထားကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)