ချမ်းအေးသာစံမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံပြင်ဆင်ထားရှိမှုနှင့် မဲပေးသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ ဒီဇင်ဘာ ၁၄

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေစွာကျင်းပနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားရှိမှုနှင့် မဲပေးသရုပ်ပြပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက မဲရုံများ၏ လုံခြုံရေးအခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးများ၊ မဲရုံများအတွင်း လျှပ်စစ်မီးရရှိရေးနှင့် လေဝင်လေထွက်ကောင်းမွန်စေရေး၊ ဆန္ဒမဲလာရောက်ပေးသူများအား စိတ်အေးချမ်းသာစွာမဲပေးနိုင်ရေး၊ မဲရုံမှူးများနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းတာဝန်များ၊ သတင်းထုတ်ပြန်ရေးအတွက် မီဒီယာများ၏ လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများအား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မဟာအောင်မြေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ဆွေဦးက မဲရုံပြင်ဆင်ထားရှိမှုနှင့် မဲပေးသရုပ်ပြခြင်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ စမ်းသပ်မဲပေးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မဲရုံမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)