မော်လမြိုင် ဒီဇင်ဘာ ၁၄
မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်၏ သက်တော်(၇၄)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်ထံ မှ ငါးပါးသီလခံယူစောင့်တည်ခဲ့ကြပြီး ဆရာတော်ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်၊ ပဓာနမဟာနာယက မြဆရာတော်ဘုရားကြီး၏ အဘိဓဇမဟာရဋ္ဌဂုရု ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အပူဇော်ခံဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာအခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး မြဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒတရားနာယူကာ မြဆရာတော် ဘုရားကြီးအား ပိုဒ်စုံရတုဖြင့် ချီးကျူးပူဇော်ခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က မြဆရာတော်ဘုရားကြီးအား အဘိဓဇမဟာရဠဂုရုဘွဲ့ လက်မှတ်တော်ကို ထပ်ဆင့်ဆက်ကပ်ခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ဘွဲ့တံဆိပ်တော်နှင့် အလံတော်ကို ထပ်ဆင့်ဆက်ကပ်ခဲ့သည်။
ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဓမ္မပူဇာ ငွေကျပ်သိန်း(၁၀၀)ကို ဝန်ကြီးချုပ်မှ မြဆရာတော်ဘုရားကြီးထံ ဆက်ကပ် ၍ မြဆရာတော်ဘုရားကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်သည်။ ဆက်လက်ပြီးအရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အလှူရှင်များက အလှူတော်ငွေများပေးအပ်လှူဒါန်းကြရာ မြဆရာတော်ဘုရားကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်၍ ရွှေရတု တိပိဋကဓရမော်ကျွန်း ဆရာတော်ဘုရားထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှတမ်းပေးဝေခဲ့ကြကာ “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)