အင်းစိန် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ နံနက်(၅)နာရီ (၃၀)မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲကို ပြည်သူ့ရင်ပြင်အတွင်းမှ ပြည်လမ်း - ရှင်စောပုလမ်း- ယခင်တော်လှန်ရေးပန်းခြံအတွင်းမှ ဦးဝိစာရလမ်းအတိုင်း ထိုမှရွှေတိဂုံစေတီတော် အနောက်ဘက် ပြည်သူ့ရင်ပြင် အရှေ့ဘက်ဝင်ပေါက်မှဝင်၍ ပြည်သူ့ရင်ပြင်အတွင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို စုပေါင်း ပြုလုပ်ခဲ့ကြကာ ပါဝင်ဆင်နွှဲသူများကို နံနက်စာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကင်းပညာရေး ဒီဂရီကောလိပ်၊ သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)တို့မှ ကျောင်းသား၊ ကျောင်းသူများက လွန်ဆွဲပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲနှင့် ထုပ်စည်းတိုးပြိုင်ပွဲများတွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပြီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများက ကြည့်ရှုအားပေးကာ ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ကြသည်။
အဆိုပါ ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ စုစုပေါင်းအင်အား (၂၅၄၁)ဦးတို့က ပျော်ရွှင်စွာ လမ်းလျှောက်ချီတက် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)