မော်လမြိုင် ဒီဇင်ဘာ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးအတွင်း၌ ကျင်းပပြုလုပ်ရာပြိုင်ပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်မြသန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကလေးငယ်များ၏ ဉာဏစွမ်းရည်တိုးတက်စေရေးနှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကာ ပြိုင်ပွဲကျင်းပရာ မြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း (၆)ကျောင်းမှ ပုံပြင်ပြောပြိုင်ပွဲ(၇)ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲ(၇)ဦး၊ သီချင်းပြိုင်ပွဲ(၄၂)ဦး၊ English Poem ပြိုင်ပွဲ(၇)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲ (၇)ဦး၊ လက်ချောင်းပန်းချီပြိုင်ပွဲ(၈)ဦး စုစုပေါင်းပြိုင်ပွဲဝင် ရင်သွေးငယ်(၇၈)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ မူလတန်းကြိုကျောင်း(၆)ကျောင်းမှ ဆုရရှိသော ရင်သွေးငယ်များအား ပြည်နယ်၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ရင်သွေးငယ်များအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထိုနောက် အလှူရှင်တစ်ဦးက ပြိုင်ပွဲဝင်မူလတန်းကြိုကျောင်းများအတွက် အလှူငွေများပးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကာ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)