မြစ်ကြီးနား ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်း (အင်ဂျန်ဒုံ) ရပ်ကွက်အတွင်းရှိ ဧဝံဂေလိဓမ္မ ကောလိပ်၏ (၆၁)ကြိမ်မြောက် ဓမ္မဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက အဆိုပါ ကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ သဘာပတိအဖွဲ့ဝင် သိက္ခာတော်ရ ဆရာများက ဓမ္မကောလိပ်၌ တက်ရောက်သင်ကြားခဲ့ပြီး ဓမ္မဝိဇ္ဇာဘွဲ့(အင်္ဂလိပ်)အထူးပြု(၂၆)ဦး၊ ဓမ္မဝိဇ္ဇာဘွဲ့(မြန်မာ စာ)အထူးပြု (၄၃)ဦး၊ တေးဂီတ ဒီပလိုမာဘွဲ့ရ (၇)ဦးနှင့် ဓမ္မဒီပလိုမာဘွဲ့ရ (၃)ဦး စုစုပေါင်း (၈၁)ဦးတို့အား ဘွဲ့လက်မှတ်များ အပ်နှင်းခဲ့မှုနှင့် ဘွဲ့ရများအား တာဝန်အပ်နှင်းခြင်းအစီအစဉ်များ အထူးဆုတောင်းခြင်း အစီအစဉ်များတွင် ပါဝင်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဧဝံဂေလိကောလိပ်ကျောင်းမှ မွေးထုတ်ပေးလိုက်သည့် ဘွဲ့ရကျောင်းသား/ကျောင်းသူများသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးနယ်ပယ်များတွင် တစ်ဖက်တစ်လှမ်းမှ ပါဝင်အားဖြည့်ပြီး ပြည်သူလူထု အားကိုးထိုက်သည့် လူငယ်များဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း ဂုဏ်ပြုပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဓမ္မကောလိပ်အတွက် သစ်သီးခြင်းလက်ဆောင်နှင့် အလှူငွေကျပ်သိန်း (၂၀)ကို လှူဒါန်းပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဘွဲ့ရလူငယ်မောင်မယ်များက သံစုံဓမ္မတေးသီချင်းဖြင့် သီဆိုဆက်ကပ်ခဲ့ကြပြီး သိက္ခာတော်ရဆရာများက ဓမ္မဒေသနာတော်ဟောကြားမှုကို နာယူခဲ့ကြကာ ကောင်းချီးပေးဆု တောင်းပေးမှုကို ပါဝင်ခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော်နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တာဝန်ရှိသူများ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆောင်ရွက်နေမည်ဟု ယုံကြည်ပါကြောင်း၊ အခမ်းအနားများကျင်းပရာတွင် အေးချမ်းပျော်ရွှင်စွာ ကျင်းပနိုင်ရေးကို အလေးအနက်ထား စီမံဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အထူးသဖြင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရိုးရာအစဉ်အလာနှင့်အညီ ဓလေ့ထုံးစံများကို ပေါ်လွင်အောင် အနှစ်သာရရှိရှိ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းတို့မှ တာဝန်ရှိသူများက အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့တို့တွင် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည့် အစီအစဉ်များ၊ ကချင်ပြည်နယ်နေ့တွင် မနောအက စုပေါင်းဆင်နွှဲနိုင်ရေး၊ ဒေသထွက်ကုန် ပစ္စည်းပြခန်းများ ပြသနိုင်ရေးနှင့် ပြည်နယ်အကျိုးစွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဘွဲ့ထူးဂုဏ်ထူးဆုများ ချီးမြှင့်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို စပ်ကော်မတီအလိုက်တင်ပြကြ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားများ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်