ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲ လူဦးရေ ၁၀၀၀၀ ကျော် ပါဝင်ဆင်နွှဲ

မြစ်ကြီးနား ဒီဇင်ဘာ ၁၄

ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက ကျင်းပရာ ဌာနဆိုင်ရာများ၊ ဒေသပြည်သူလူထု စုစုပေါင်း လူဦးရေ ၁၀၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး စီတာပူမနောကွင်းအတွင်း ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်အားကစားကွင်းရှေ့ စုရပ်၌ တာလွတ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများ၊ မြို့ပေါ် တက္ကသိုလ်ဒီဂရီကောလိပ်များနှင့် သူနာပြုသားဖွားသင်တန်းကျောင်းများ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာကျောင်းများနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများက အား/ကာတိုက်တန်းလမ်းမှ ရုံးကြီးလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊ ဘုရင့်နောင်လမ်းမှ သခင်နက်ဖေလမ်းအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ထို့နောက် စီတာပူရပ်ကွက်အတွင်းရှိ မနောကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး မနောကွင်းအတွင်း စုပေါင်းကိုယ်ကာယကြံ့ခိုင်မှုအတွဲ အမှတ်(၁)နှင့် (၂)ကို စုပေါင်းဆောင်ရွက်ခြင်း၊ Fitness Dance ဖြင့် လေ့ကျင့်ခြင်းတို့ကို တစ်ပျော်တစ်ပါး စုပေါင်းလေ့ကျင့်ခဲ့ကြပြီး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြစ်ကြီးနားတက္ကသိုလ်တို့မှ ဝန်ထမ်းများက လမ်းလျှောက်ပွဲ တက်ရောက်လာကြသူများအား ဒို့အတူတူ မဲပေးကြမယ် အသိပညာပေးလမ်းကမ်းကြေညာကို လိုက်လံဖြန့်ဝေပေးခဲ့ကြပြီး အိမ်သုံးပစ္စည်းများအား ကံစမ်းမဲဖောက်၍လည်းကောင်း၊ နံနက်စာအဖြစ် ကောက်ညှင်းပေါင်းနှင့် အကြော်စုံတို့အားလည်းကောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်