မိုးညှင်းမြို့နယ်တွင် မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မိုးညှင်း ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား မီးလောင်မှု မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မိုးညှင်းခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်းကိုကို ဦးဆောင်သည့် သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဌာနမှ ကျွမ်းကျင်ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များတွင် လျှပ်စစ်မီးကြိုးများနှင့် မီးခလုပ်များမှတစ်ဆင့် ဖြစ်ပွားတတ်သည့် အန္တရာယ်များ၊ မီးဖိုအသုံးပြုရာ၌ မီးကျွင်း မီးကျန်များမှတစ်ဆင့် မီးလောင်မှု မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို လိုက်လံစစ်ဆေးဆောင်ရွက်ကြပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေးလုပ်ငန်းများ ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း