မော်လမြိုင်၊ ဒီဇင်ဘာ ၁၄
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ(ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း(မော်လမြိုင်)နှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား(၁၃၀၀)ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီ ပန်းခြံရှေ့မှ စတင်ပြီး ကမ်းနားလမ်းတစ်လျှောက် ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျန်းမာရေးကိုလိုက်စားသည့် အများပြည်သူများသည် ရာမညအားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်း အတွဲအမှတ်(၁)နှင့်အတွဲ အမှတ်(၂)၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ၊Fitness Dance အကတို့ဖြင့် အတူတကွ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) (၁၂/၂၀၂၅) သို့ တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအား ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းသားများ အနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ကောင်းသည့် စစ်သည်ကောင်းတစ်ယောက် ဖြစ်လာရန် ကြိုးစားလိုက်နာလေ့ကျင့် ကြစေလိုကာ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) (၁၂/၂၀၂၅) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် အဝတ်အထည်များ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၀) (၁၂/၂၀၂၅) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အထူးကုပြင်ပလူနာဌာန၊ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကအသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံမှုအား လိုက်လံကြည့်ရှုအားပေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့် စစ်ဆေးမည့် အမျိုးသမီးများအား လိုက်လံနှုတ်ဆက်အားပေးပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော် ကမ္ဘာ့ငြိမ်းချမ်းရေးပါရဂူဂုဏ်ထူးဆောင် ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ ဆရာတော်ကြီးနှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြော်ပြီး ဦးစွာ ကျိုက်မုနိုင်းစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ဆီမီးကပ်လှူပူဇော်ကာ စေတီတော်မြတ်ကြီးအား ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေးအတွက် လှည့်လှည်ကြည့်ရှုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် စေတီတော်ဂေါပကအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားကာ ဆရာတော်ကြီးထံ ဒေသခံပြည်သူများက ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်နိုင်ရန်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော်ကြီးတို့သည် မုနိုင်းစေတီတော်အနီး(သံလွင်မြစ်)ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ချောင်းကော၊ မြောင်းကော၊ သဘာဝရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ၊ မြစ်ကမ်းပါး၊ ချောင်းကမ်းပါးရှိ တာတမံများတည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒရယ်၊ ကလွီ၊ မုနိုင်း၊ တောင်စွန်းကျေးရွာများမှာ ဘီလူးကျွန်း၏ ကမ်းနားပိုင်းဒေသဖြစ်ပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန်လက်မ (၂၀၀)ကျော် အမြဲရွာသွန်းသဖြင့် မိုးရာသီစပြီဆို ကတည်းက သံလွင်မြစ် ဒီရေ အဝင်/အထွက်၏ အကျိုးသက်ရောက်မှုရှိကြောင်း၊ မုနိုင်းကျေးရွာ၊ မုနိုင်းစေတီတော်အနီး(သံလွင်မြစ်) ကမ်းပြိုကာကွယ်ရေးလုပ်ငန်းလုပ်ငန်း အခြေထိန်း၊ မျောရိုက်၊ သဲအိတ်စီခြင်း အလျား(၄၅၀)ပေကို စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သတ်မှန်ချိန်အချိန်မီ ပြီးစီးစေရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)