သထုံမြို့နယ်၌ ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းကင်ဆာ‌ရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံပေး

သထုံ ဒီဇင်ဘာ ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးများအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နနက်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ခဲ့ကြသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်ကျန်းမာရေးမှူး ဦးစိုးအောင်၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စိုးလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းနှင့်ပတ်သတ်၍ လိုက်နာ‌ရမည့် ရှောင်ရန်/ဆောင်ရန်အချက်များကို အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးကြကာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။

သားအိမ်ခေါင်း ကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သောအမျိုးသမီးများမှာ ဒုတိယမြောက်အဖြစ်အများဆုံး ရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို မိန်းကလေး ငယ်များအား စောလျင်စွာ ထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံး ကာကွယ်နိုင်မည့် အခွင့်အလမ်းဖြစ်ကြောင်း သိရသည်။

သထုံမြို့နယ်အတွင်း ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာ (၁၂)ရက်နေ့မှ စတင်ကာ သထုံမြို့‌ပေါ် ရပ်ကွက်များအား မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျေးရွာအသီးသီးတို့၌ ကျေးလက်ကျန်းမာရေးဌာနများ၏ အစီအစဉ်ဖြင့် ဆေးထိုးစုရပ်များပြုလုပ်၍ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)