ဒလမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာ‌‌စောင်ပြပွဲကွင်းဆင်း ဆောင်ရွက်

ဒလ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု‌လေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၂၂) အ‌ခြေခံပညာမူလတန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဦးစွာဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင် ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ယနေ့မျိုးဆက်သစ်လူငယ်များမှာ နိုင်ငံတော်၏ အနာဂတ်ဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တစတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး လူငယ်တိုင်းနိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်၊ လူငယ်များအနေဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များထားရှိရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်လက်ကြံ့ခိုင်စေရေးအထူးအလေးထားဂရုပြုရန်၊ လူတော်လူကောင်းလေးများ ဖြစ်လာစေရန် ငယ်ရွယ်စဉ်ကပင် စာအုပ်စာပေများကို များများဖတ်မှတ်‌လေ့လာဆည်းပူးကြ‌စေလိုကြောင်းနှင့် စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတ၊ ရသစာအုပ်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်အိကျော်ဇောအား လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။ 

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲအပြီးတွင် ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ရဲရင့်သူ (ပြန်/ဆက်)