ရန်ကင်း ဒီဇင်ဘာ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား အသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ အ-မ-က (၁၁) အလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အ.မ.က (၁၁) အလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး၊ အ.မ.က (၁၁) အလယ်တန်းကျောင်း (ခွဲ) ကျောင်းအုပ်ကြီးဦးထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဟောပြောပွဲစတင်ခဲ့ရာ စာရေးဆရာမ ပေါက်ပေါက်က ထာဝစဉ်မမေ့အပ်တဲ့ ရာဇဝင်နေ့မြတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမောင်မြတ်နိုး (ရန်ကင်း) က စာအုပ်စာပေလူ့မိတ်ဆွေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက ပညာတတ်ခြင်းနှင့် စာတတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြာခဲ့ကြသည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြင့်တင်လှုပ်ရှားမှု နံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှုနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။
လှလှထွေး (ပြန်/ဆက်)