ပြည်ကြီးတံခွန်မြို့နယ် ရွှေထွန်းကုမ္ပဏီ၌ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

ပြည်ကြီးတံခွန်  ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်း၊ ၁၃၀ × ၁၃၁ လမ်း၊ ရွှေထွန်းကုမ္ပဏီ၌ ဒီဇင်ဘာ ၁၂ နံနက် ၁၁ နာရီက အလုပ်သမားဝန်ကြီးဌာန၊ လူမှူဖူလုံရေး အဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံ ရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ရွှေထွန်းကုမ္ပဏီမှ အာမခံအလုပ်သမားဦးဝင်းညွှန့်၏ ကျန်ရစ်သူ အကျိုးခံစားခွင့် အဆ (၃၀) အတွက် ငွေကျပ်လေးဆယ့်သုံးသိန်း နှစ်သောင်းတိတိကို သမီးဖြစ်သူ ဒေါ်တင်ဇာဝင်းအား လည်းကောင်း၊  ကျောက်တောင်ဆေးဖြန်းပုံးမှ အာမခံအလုပ် သမား ဒေါ်ခင်စန္ဒာမိုး၏ အမြဲတမ်းမသန်စွမ်းမှု (လုပ်အား ဆုံးရှုံးမှု ၄၀ရာခိုင်နှုန်း) အကျိုးခံစားခွင့် ငွေကျပ်သုံးဆယ့် သုံးသိန်းရှစ် သောင်း‌ခြောက်ထောင်ရှစ်ရာရှစ်ဆယ် တိတိကို လည်းကောင်း၊ Hi- Tech Co,Ltd မှ အာမခံအလုပ်သမား ဦးညိုကြည်၏  အူကင်ဆာအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်ခုနှစ်ဆယ့်ခြောက်သိန်း ငါးသောင်းငါး‌ ထောင်ခုနှစ်ရာရှစ် တိတိအား လည်းကောင်း၊ ရင်မဟာ ကုမ္ပဏီမှ အာမခံအလုပ်သမား ဦးဟိန်းထက်ဇော်၏ သွေးကင်ဆာအတွက် ဆေးဖိုးကုန်ကျငွေ သုံးဆယ့်လေးသိန်း ရှစ်သောင်းငါးထောင်ခုနှစ်ရာနှစ်ဆယ် တိတိကို ဇနီးဖြစ်သူ ဒေါ်စန္ဒီဆွေအားလည်းကောင်း၊ မင်းသားကြီးဟိုတယ်မှ အာမခံ အလုပ်သမား ဒေါ်ခင်သောင်းသောင်းဌေး၏ ဆေးဖိုးကုန်ကျငွေ ကျပ်တစ်ဆယ့်ကိုးသိန်းခြောက်သောင်း တစ်ထောင်နှစ်ရာလေးတိတိအား လည်းကောင်း အသီးသီး ပေးအပ်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် နှစ်ရာရှစ်သိန်းကိုး‌ ထောင်ငါးရာတစ်ဆယ့်နှစ် ရှိကြောင်း သိရသည်။

ယင်းနောက် ရွှေထွန်းကုမ္ပဏီမှ မန်နေဂျာ ဦးစိုးနိုင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာကုမ္ပဏီမှ အာမခံအလုပ်သမားများနှင့် သက်ဆိုင်တာဝန်ရှိ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)