မြစ်သား ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်နေတောင်သူများသည် မြေအောက်ရေနှင့် ကင်းတားဆည်ရေကိုအသုံးပြုကာ မိသားစုတစ်နိုင်တစ်ပိုင် သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် အဓိကစိုက်ပျိုးကြသောသီးနှံများမှာ စပါး၊ နှမ်း၊ ပဲအမျိုးမျိုး၊ ဖူးစားပြောင်း၊ နေကြာ၊ ငရုပ်၊ ခရမ်း ချဥ်၊ ကြက်သွန်၊ ခရမ်းသီးစသည့်ကာလတိုသီးနှံအမျိုးမျိုးတို့အပြင် နှစ်ရှည်သီးနှံဖြစ်သည့် မာလာကာ၊ သင်္ဘော၊ ငှက်ပျော၊ နဂါးမောက်၊စသည့်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
သင်္ဘောကို မိုးဦးကာလဖြစ်သည့် ဧပြီလတွင် နွားချေး၊ မြေဆွေး၊ နှုံးမြေ၊ သဲတို့ဖြင့်ရောစပ်ပြီး ၅ လက်မ ၉ လက်မ အိပ်များထဲသို့ထည့်သွင်းပြီး တစ်အိပ်တစ်စေ့နှုန်းဖြင့်စတင် ပျိုးထောင်ကာ တစ်လသားအရွယ်တွင် ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်းသိရသည်။
ပြောင်းရွှေ့မစိုက်ပျိုးမှီ သင်္ဘောစိုက်ပျိုးမည့် ယာကွက်ကို ကြိုတင်ထွန်ယက်ပြီး သင်္ဘောပင်များ အပင်သေပျောက်မှု မရှိစေရန်အတွက် ပျိုးထောင်ပြီးသန်မာသည့်ပျိုးပင်များကို ရွေးချယ်ကာ နေရောင်ခြည်ကောင်းစွာရရှိစေရန်နှင့် လေအဝင်အထွက်ကောင်းမွန်စေရန် စိုက်ပျိုးမည့်တစ်ပင်နှင့်တစ် ပင်ရှစ်ပေခြားကာ အလျား၊ အနံ၊ အနက် နှစ်ပေရှိသည့် စိုက်ကျင်းများအတွင်း နွားချေး၊ နှုံးမြေ၊ မြေဆွေးတို့ကို ဆတူရောပြီးကြိုတင်ထည့်ထားကာစိုက်ပျိုးကြရသည်။ လိုအပ်သည့်အချိန်များတွင် ပိုးနှင်ဆေး၊ ပိုးသတ်ဆေးများဖျန်းပေးရကြောင်းနှင့် ရာသီဥတု အခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ မြေသြဇာကျွေးခြင်းများလည်း ပြုလုပ်ပေးရကြောင်း သိရသည်။ ထွက်ရှိလာသောသင်္ဘောအသီးများကို ဖောက်သည်များမှ ခြံများအထိ လာရောက်ခူးယူပြီး မြစ်သားမြို့စျေးများတွင် ရောင်းချကြောင်း ရွှေကြာအင်းကျေးရွာ သင်္ဘောစိုက်တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)