ပင်းတယ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဆူးဗိုလ်ကုန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပညာရည်ချွန် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “လူငယ်စွမ်းရည်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ထို့နောက် ပင်းတယမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားပေးပြီး၊ ပင်းတယမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ G-12 လူရည်ချွန်ဆု၊ ရှမ်းပြည်နယ်အဆင့်တွင် ဆုရရှိခဲ့သူ စန္ဒာရားအတီးရွှေတံဆိပ်ဆု၊ ပတ္တလားဂုဏ်ပြုဆုနှင့် မြို့နယ်အဆင့််အင်္ဂလိပ်စာ စွမ်းရည်ဆုရသူ ကျောင်းသား/ကျောင်းသူ တို့ကို ဆုများချီးမြှင့်ပေးသည်။
ထို့နောက် ဒေသပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ဆက်လက်အမှာစကားပြောကြားသည်။ ဆက်လက်၍ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးမှ ကျောင်း၏အခြေအနေအရပ်ရပ်ကို ရှင်းလင်းပြောကြားကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့တွင် ကျင်းပပြုလုပ်သည့် ပညာရည်ချွန်ဆု ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် G-12 လူရည်ချွန်ဆု၊ ရှမ်းပြည်နယ်အဆင့်တွင် ဆုရရှိခဲ့သူ စန္ဒာရားအတီးရွှေတံဆိပ်ဆု၊ ပတ္တလား ဂုဏ်ပြုဆုရရှိခဲ့သူများ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသူများ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသူ ကျောင်းသား/ကျောင်းသူ (၅၇)ဦး၊ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ဆုရသူ ကျောင်းသား/ကျောင်းသူ(၃)ဦး၊ ထက်/လယ်/မူ အဆင့်တို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရပြီး၊ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများနှင့် ဓနုတိုင်းရင်းသားတေးသံရှင် ဒီနေရှင်းတို့မှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)