ခရမ်း ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ခရမ်းမြို့ အ.ထ.က (ညောင်ပင်ကွင်း) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်ထက်ထက်က အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုများနှင့် ပက်သတ်၍ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ခရမ်းမြို့မစခန်းမှူး ဒု-ရဲမှူး ခင်သိန်းက သက်ငယ်မုဒိန်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းက တရားမဝင်လူကုန်ကူးမှုအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်အိမွန်မွန်ဇော်က အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်သော ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ထောင်ဒဏ်များအကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)