ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန်  ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာရေးဆရာ ညီညီနိုင်၏ “ပညာနှင့်ဘဝ” အောင်မြင်ရေးလမ်းညွှန် စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင် ဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး “ပညာနှင့် ဘဝ”အောင်မြင်ရေးလမ်းညွှန်စာအုပ်ပါ “အချိန်ကို စီမံခန့်ခွဲခြင်း နည်းပညာ” ခေါင်းစဉ်ဖြင့် အချိန်ဟာ ရွှေထက်အဖိုးတန်ပြီး စိန်ထက်ရှားပါပါကြောင်း၊ အချိန်ဟာအလုပ်များတဲ့လူတွေကိုနေ့စဉ်စိမ်ခေါ်နေသလို အထူးသဖြင့် အချိန်ပိုင်း ကျောင်းသားတွေကို ဗျာများစေပါကြောင်း၊ အစီအစဉ်ဇယားတွေအရသာ အချိန်ပိုင်းကျောင်းသားတွေဟာ အချိန်ပိုရအောင် တစ်နေ့တာကို ဆွဲဆန့်နိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် Grade-8 ကျောင်းသူ မယုနန္ဒာလင်းက “အချိန်ဖြုန်းမှု လျော့ချခြင်း” ခေါင်းစဉ်ဖြင့် ဘယ်လိုပဲဖြစ်ဖြစ် ဘာကြောင့်ဆိုတဲ့မေးခွန်း ဆန်းစစ်ချက်ဟာ အကျင့်ဆိုးတွေကို တားမြစ်ပိတ်ပင်ဖို့ လိုအပ်လှတဲ့မေးခွန်းဖြစ်ပါကြောင်း၊ သတိတရ လိုက်မှတ်နေရတယ်ဆိုပြီး မပျင်းနှင့်၊ စိမပျက်လိုက်ပါနှင့်၊ နှစ်ပတ်လောက် ကြိုးစားပြီးသာ မှတ်လိုက်ပါ၊ အံ့အားသင့်သွားတဲ့ အဖြေတွေ ရလာမှာ မလွဲပါဘူး၊ ညနေတိုင်း အချိန် ဖြုန်းတီးမှု မှတ်စုကို ထုတ်ကြည့်ပြီး ဝေဖန်သုံးသပ်ပါ၊ အချိန်ဖြုန်းရာရောက်မယ့် အလုပ်ပိုတွေကို လျှော့ပစ်ဖို့ နည်းလမ်းရှာသင့်ကြောင်းကို လည်းကောင်း၊ အဖွဲ့ဝင် Grade-8 ကျောင်းသား မောင်ဝင်းကိုကိုက “အချိန်ဖြုန်းတီးမှု၏ အကြောင်းရင်းများ”ခေါင်းစဉ်ဖြင့် တယ်လီဗေးရှင်း ကြည့်တဲ့ အချိန်၊ တယ်လီဖုန်းဆက်ချိန်၊ စောင့်ဆိုင်းရတဲ့အချိန်၊ ခရီးသွားချိန်များ စသည့်အကြောင်းအရာများကိုလည်းကောင်း “ပညာနှင့် ဘဝ”အောင်မြင်ရေးလမ်းညွှန် စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)