တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်းကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေး

တံတားဦး ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းတွင် ပညာသင်ယူနေသော KG တန်းမှကျောင်းသား၊ ကျောင်းသူ ၂၁၀၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ကျောင်းတွင်းနေ့လယ်စာ ပဉ္စမအကြိမ် အာဟာရကျွေးမွေးမှုကို ဒီဇင်ဘာ ၁၁ ရက်နေ့နံနက်ပိုင်းက တံတားဦးမြို့ စကားအင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ပန်းယျအခြေခံပညာ မူလတန်းကျောင်းတို့တွင် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါကျောင်းတွင်း အာဟာရကျွေးမွေးသည့်နေရာသို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို၊ တံတားဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တံတားဦးခရိုင်/မြို့နယ်ပညာရေးမှူးများ၊ စကားအင်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ပန်းယျအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများက  KG တန်းမှ ကျောင်းသား၊ ကျောင်းသူ များအား အာဟာရကျွေးမွေးကြသည်။ ထို့နောက် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ KG တန်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် စကားအင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့်ပန်းယျအခြေခံပညာမူလတန်းကျောင်း KG တန်းမှ ကျောင်းသား၊ ကျောင်းသူများအား အစားအစာအမျိုးအမည် (၅)မျိုးတွင် ပါဝင်သည့် အစားအစာများအား အာဟာရကျွေးမွေးခြင်းကို လှည့်လည်ကြည့်ရှုအားပေးကြပြီး KG တန်းမှ ကလေးငယ်များအား သွားတိုက်ဆေး၊ သွားတိုက်တံများကို အခမဲ့ထောက်ပံ့ပေးအပ်ကြသည်။

အလားတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၂၁)ကျောင်းရှိ KG တန်းမှ ကျောင်းသား၊ ကျောင်းသူ ၂၁၀၁ ဦးအား ပဉ္စမအကြိမ် ကျောင်းတွင်းနေ့လယ်စာ အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)