အမရပူရ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလေးများအား ဗလငါးတန်နှင့်ပြည့်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မေတ္တာရိပ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက လူငယ်စကားဝိုင်းများ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ Grade-10 ကျောင်းသား မောင်ပြည့်ဖြိုးဇော်က ငြိမ်းချမ်းသောပြည်ထောင်စုဆီသို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 ကျောင်းသူ မရွှန်းလဲ့ဝေက ကြည်ညိုလေးစားရပါသောမြတ်ဆရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသား မောင်အောင်ကိုဇင်က လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မမေဘွဲ့မှူးက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ ကျောင်းသား၊ ကျောင်းသူလေးများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၃၅ဝ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)