အမရပူရမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အမရပူရ ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမရပူရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ်ကြေငြာရာတွင် မဲဆန္ဒရှင်ပြည်သူများ အားလုံး တိကျမှန်ကန်စွာပါဝင်စေရေး၊ မဲရုံများပြင်ဆင်ဆောင်ရွက်ရာတွင် လိုအပ်ချက်များ မရှိစေရေးနှင့် မဲရုံလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ရွေးကောက်ပွဲအဖွဲ့ဝင်များအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ မဲရုံများအတွက် အုပ်ချုပ်ရေးကိစ္စနှင့် ပတ်ဝန်းကျင်လုံခြုံရေးကိစ္စများ အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များရှိပါက ကြိုတင်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားပါသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းဦးနှင့် အတွင်းရေးမှူး ဒေါ်နန်းအေးအေးစိုးတို့က မဲစာရင်းပုံစံများတွင် မဲဆန္ဒရှင်ပြည်သူများ ပြည့်စုံမှန်ကန်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကြိုတင်မဲကိစ္စဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံများ လုံခြုံရေးကိစ္စဆောင်ရွက်ရာတွင် မြေပြင်ရှိမဲရုံများကို ကွင်းဆင်းစစ်ဆေးမည့်အခြေအနေများနှင့် မဲပေးစက်သယ်ယူဆောင်ရွက်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)