ကျိုင်းတုံ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် မဲဆန္ဒရှင်များ ဆန္ဒမဲပေးစဉ် အီလက်ထရောနစ်မဲပေးစက်(MEVM)၏ စက်အစိတ်အပိုင်း တစ်စုံတစ်ရာ ချို့ယွင်းခြင်းဖြစ်ပေါ်ပါက အရန်စက်ဖြင့် လဲလှယ်မဲပေးခြင်းလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံ ပညာရေးဒီဂရီကောလိပ်ခန်းမတွင် ကျင်းပသည်။
ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များအပါအဝင်)များအတွက် အီလက်ထရောနစ် မဲပေးစက်အသုံးပြုသည့် မဲရုံနေရာချထားမှုပုံစံဖြင့် ဆောင်ရွက်စဉ် မဲပေးစက်အစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းခြင်းဖြစ်ပေါ်ပါက မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များမှ အီလက်ထရောနစ်မဲပေးစက်(MEVM) အရန်စက်ဖြင့် လဲလှယ်မဲပေးခြင်းလုပ်ငန်းစဉ်များ ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၄ ဦးအောင်မြတ်သာ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုး၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)