မူဆယ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထတိုးပွားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ ဓာတ်ပုံပြပွဲများနှင့် စာအုပ်စာစောင်ပြပွဲများကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိရာ မူဆယ်မြို့တွင်လည်း အခြေခံပညာကျောင်းများနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမများတွင် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မူဆယ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လေ့လာသည့် အမှတ်(၄)၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူများကို ဝန်ထမ်းများက သုတ/ရသစာအုပ်များ၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ်ဓာတ်ပုံများ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ Minimuseum တွင် ခင်းကျင်းပြသထားသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ် အသုံးအဆောင်ပစ္စည်းများ၊ လက်ရာများကို ကျောင်းသား/ ကျောင်းသူများ အလွယ်တကူ ဖတ်ရှုနားလည်လွယ်သည့် မှတ်တမ်းဓာတ်ပုံများ၊ ဆောင်ပုဒ်များဖြင့် ပြသဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)