မိုးနဲမြို့နယ် အမှတ်(၁) မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မိုးနဲ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့သည်။ ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား/သူလေးများက လူငယ်နှင့်မိုဘိုင်းဖုန်းသုံးစွဲမှု၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ အစရှိသည့် ခေါင်းစဉ်များဖြင့် ပြောကြားခဲ့ပြီး သိလိုသည်များကို ကျောင်းသား/သူများက မေးမြန်းရာ ကဏ္ဍအလိုက် ဖြေကြားပေးခဲ့ကြသည်။ ထို့နောက် မြို့မအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လီလီမိုးစက်က ကြွရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ပွဲဖြစ်မြောက်ရေး ဝိုင်းဝန်း‌ပူးပေါင်းဆောင်ရွက်ခဲ့သူများအား ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားပြီးဆုံးချိန်တွင် ကျောင်းသား/သူများ ဗဟုသုတရဖွယ်စာအုပ်စာစောင်များ ပြသခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်တို့အား ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို