တိုက်ကြီးမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေး

တိုက်ကြီး ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်အရွယ်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ အပြည့်အဝရရှိစေရေးရည်ရွယ်ကာ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဈေးရပ်ကွက်၊ ဗောဓိကုန်းရပ်ကွက်နှင့် အင်္ဂလားရပ်ကွက်၊ ရှမ်းစုရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ တပြိုင်တည်းဆောင်ရွက်သည်။

ထိုသို့ ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းယုမေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူလူထုအတွင်း ဦးတည်အုပ်စုများဖြစ်သည့် အသက် ၉ နှစ်မှ အသက် ၁၂ နှစ် အကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)