တိုက်ကြီးမြို့နယ်၌ ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် နွေစပါးအတွက် Drum Seeder များ ပေးအပ်ပွဲကျင်းပ

တိုက်ကြီး ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် နွေစပါးအတွက် Drum Seeder များ ပေးအပ်ပွဲကို ယနေ့န့နက် ၈ နာရီက သရက်ချောင်းကျေးရွာ ကွင်းအမှတ် ၇၀၀ A တောင်သူ ဒေါ်တင့်တင့်ဝေ၏ လယ်မြေ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က တိုက်ကြီးခရိုင်အတွင်း စားသုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်စေရန်၊ နိုင်ငံတော်၏ ဆီဖူလုံမှုလိုအပ်ချက်နှင့် မိမိတို့ဒေသအတွင်း ဆီဖူလုံမှုလိုအပ်ချက်တို့ကို ‌ဖြည့်တင်းနိုင်စေရန် ရည်ရွယ်၍ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက နေကြာသီးနှံကို အဓိကထားစိုက်ပျိုးရေး၊ ဝတ်မှုံကူးခြင်းနည်းလမ်းနှင့် အောင်ရေရှိရေးနည်းလမ်းစဉ်းစားဆောင်ရွက်ကြရေးနှင့် စပါးများကို Seeder စနစ်ဖြင့်သာ စိုက်ပျိုးရေးဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က နေကြာစိုက်ပျိုးနည်းစနစ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ၊ ဓာတ်မြေဩဇာများ၊ Drum Seeder များ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက နည်းလမ်းသုံးသွယ်ဖြင့် နေကြာစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)