ကော့မှူး ဒီဇင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း မူလွန် (လက်ခိုက်) ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဂိမ်းကစားပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မူလွန် (လက်ခိုက်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကို ကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်းနှင့် စာပေ၏ အကျိုးကျေးဇူးများနှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးနေ့နှင့် ပတ်သက်သော အကြောင်းအရာများအား ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် သုတ/ရသစာအုပ်/စာစောင်များနှင့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိတ်ရွှင်လန်းဆန်းကြည်နှုးစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ခွက်ကောက်ကစားနည်း၊ ခါးလှည့်ကစားနည်း၊ ပူးပေါင်းညှပ်ပြိုင်ပွဲများအား ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူများဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်သူရ