မက်မန်းမြို့တွင် မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသဆိတ်များ လက်ဆင့်ကမ်း(အခမဲ့) ဖြန့်ဖြူးပေးအပ်ပွဲ ကျင်းပ

မက်မန်း ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်ဖြန့်ဖြူးခဲ့သော ပြည်နယ်ရန်ပုံငွေ ၈.၅ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မျိုးကောင်း၊ မျိုးသန့်ဒေသဆိတ်များ မွေးမြူရေးဘဏ်စနစ်ဖြင့် လက်ဆင့်ကမ်း(အခမဲ့)ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့က မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ခင်ပြည့်ပြည့်ဖြိုးက မျိုးကောင်းမျိုးသန့် ဒေသဆိတ်လက်ဆင့်ကမ်းဖြန့်ဖြူးပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆိတ်မွေးမြူရေးနည်းစနစ်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက ဝမ်စလောင်းအုပ်စု၊ ငဟောင်ကျေးရွာမှ ဆိတ်မွေးမြူမည့် တောင်သူတစ်ဦးထံ ဒေသဆိတ် (၂၁) ကောင်အား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် နမ့်နန်းချောင်းဆိတ်မွေးမြူရေးခြံတွင် စာချုပ်စာတမ်းများဖြင့် လက်ဆင့်ကမ်းလွှဲပြောင်းပေးအပ်ခဲ့ကာ တာဝန်ရှိသူအသီးသီးတို့မှ ဆိတ်များကို ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

 

ခရိုင်(ပြန်/ဆက်)