တောင်ကြီး၊ ဒီဇင်ဘာ ၃ဝ
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ရှိ အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံး(ရှမ်း/တောင်) မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၂)ဦးတွေ့ရှိကြောင်း သိရသည်။ “ဒီမနက်မှာ ယာဉ်ထိန်းရဲတစ်ဦးက သူနဲ့အတူ နောက်ထပ် ဝန်ထမ်း(၂)ယောက်က အနံ့ပျောက် နေတယ်လို့ ဆရာတို့ဆီ ဖုန်းဆက်လာတာပေါ့၊ အနံ့ပျောက်နေတာတော့ နည်းနည်းကြာနေပြီ အခုမှ သေချာပြီထင်တယ်ဆိုလို့ ဆရာတို့ကို ဆက်လာတာ RDT Test Kit နဲ့သွားစစ်ကြည့်တော့ (၃)ယောက် လုံးကပိုးတွေ့တယ်၊ သူတို့နဲ့ ဆက်စပ်တဲ့သူတွေ သူ့ရုံးကလူတွေကို အကုန်းလုံးရော မိသားစုဝင်တွေ ရော အဓိက Contact တွေ စစ်ကြည့်တော့ ဒီနေ့ ညနေ(၅)နာရီအထိ စုစုပေါင်း(၂၂)ဦး တွေ့တယ်” လို့ ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာသူဇာချစ်တင် ထံမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာများသည် ခရီးသွားရာဇဝင် မရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေရကြောင်း၊ လူနာများကို စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း ၊ ယာဉ်ထိန်းရဲရုံးနဲ့ Contact တွေကိုတော့ အသွားအလာကန့်သတ်ထားကြောင်းသိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒီဇင်ဘာလ (၃ဝ)ရက်နေ့ ညနေ(၅)နာရီအထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၅၃၂)ဦးထိ ရှိလာပြီး သက်ဆိုင်ရာ ဆေးရုံများမှာ ဆေးကုသခံယူနေသူ(၈၄)ဦးနှင့် ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၄၄၅)ဦးရှိကာ သေဆုံးသူ(၁)ဦးရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)