လားရှိုးမြို့တွင် ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးဆောင်ရွက်

လားရှိုး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)နှင့် ဌာနဆိုင်များပူးပေါင်း၍ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လှုံ့ဆော်မှုများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့ လူစည်ကားရာနေရာဖြစ်သည့် မြို့တော်ခန်းမအနီးတွင် အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး “ဒို့အတူတူ မဲပေးကြမယ်” Billboard စိုက်ထူပွဲအားကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး အဆိုပါ Billboard အား အမွှေးနံသာရေများ ပက်ဖျန်းပေးခဲ့သည်။

ထို့နောက် မြို့တော်ခန်းမအနီး လမ်းသွားလမ်းလာပြည်သူများအား “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှ လွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့”စသည့်အကြောင်းအရာများပါဝင်သည် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များအား အများပြည်သူပိုမိုမဲပေးနိုင်ရေး ဖြန့်ဝေပေးခဲ့သည်။

ထို့အပြင် ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ LED ဘုတ်တွင်လည်း “ဒို့အတူတူ မဲပေးကြမယ်” ရွေးကော်ပွဲလှုံဆော်မှုနှင့်ရွေးကောက်ပွဲတွင်ပြည်သူများပါဝင်မဲပေးနိုင်ရေး အသိပညာပေး Video Clip ကို ထုတ်လွှင့်ပြသပေးလျက်ရှိသည်။

လားရှိုးမြို့တွင် မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များက ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ မိမိတို့နှင့်သက်ဆိုင်သည့် ရပ်ကွက်၊ ကျေးရွာများအလိုက် စာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)