ညောင်ရွှေ ဒီဇင်ဘာ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လူငယ်သိပညာပေးပြပွဲဆောင်ရွက်ခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ တောင်ခြေကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှု ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား ကျောင်းသူလေးများအတွက် လူငယ်အသိပညာပေးပြပွဲ ခင်းကျင်းပြသပေးခြင်း၊ ကလေးအလုပ်သမားအကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ လှုပ်ရှားမှု ဆောင်ရွက်ခဲ့ရာ ဒုတိယဦးစီးမှူး ဦးမောင်မောင်က စာကြည့်တိုက်မိတ်ဆက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က လူငယ်များနှင့် အနာဂတ်တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ