လဲချား ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်တွင် ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ လဲချားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး လုပ်ငန်းထူထောင်မည့် သင်တန်းသူတစ်ဦးအား လုပ်ငန်းသုံးပစ္စည်းများအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးရဲထွန်းဦးနင့် ကျေးလက်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းတို့က လုပ်ငန်းထူထောင်မည့် သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများအားလည်းကောင်း အသီးသီးထောက်ပံ့ပေးခဲ့ပြီး လွိုင်လင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းတိုးက လုပ်ငန်းထူထောင်မည့်သူများအား ကုန်ကြမ်းပစ္စည်းများအားလည်းကောင်း လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရာဇာက သင်တန်းဆင်းကတ်ပြားများလည်းကောင်း ပေးအပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကာ သင်တန်းသူများ၏ ကုန်ချောပစ္စည်းများအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းကို လွိုင်လင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းကာလ ၅ ရက်အား သင်တန်းသူ ၂၀ ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)