ဟိုပုံး ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးလိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက အသက် (၁၈) နှစ်ပြည့်ပြီးသည့် နိုင်ငံသားအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တစ်အိမ်တက်ဆင်း Door to Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်ရန်ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျစီမံဆောင်ရွက်နိုင်ရန်နှင့် ကျင်းပမည့်အစီအစဉ်အား စနစ်တကျစီမံ၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲစာရင်းတွင် အမည်ပါရှိစေရေးတို့အတွက် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများအထိ ဆက်သွယ်ပြီး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့်ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး အားလုံးက ဟန်ချက်ညီညီဖြင့် အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဗိုလ်မှူး ဖြိုးနိုင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဦးကိုကိုလင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ အသက်(၁၈)နှစ်ပြည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းကောက်ယူခဲ့မှုအခြေအနေများကိုလည်းကောင်း၊ လုံခြုံရေးဆိုင်ရာအစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)