တန့်ယန်း ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲ၏ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းကြီး၌ ဆက်လက်၍ ယှဉ်ပြိုင်ရွေးချယ်ကြသည်။
အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲများကို မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများကကြီးကြပ်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များကို ရေးဖြေနှင့် လူတွေ့နှုတ်ဖြေတို့ဖြေဆိုခဲ့ကြပြီး ယနေ့ နံနက်ပိုင်းတွင် မီတာ(၁၀၀) ကျား/မ၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ မီတာ(၈၀၀)ကျား၊ မီတာ(၄၀၀) မ ပြိုင်ပွဲများကို ကျင်းပရွေးချယ်ရာ အခြေခံပညာကျောင်းများမှ ဒွါဒသမတန်းတွင် (၃)ဦး၊ ဧကာဒသမတန်းတွင် (၄)ဦး၊ ဒသမတန်းတွင် (၄)ဦး၊ နဝမတန်းတွင်(၄)ဦး၊ စုစုပေါင်း (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)