ကျောက်မဲ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်၊ မြောက်ပိုင်းကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦး၊ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောက်မဲခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးက ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း (၃)ပိုင်းဖြင့် ဆောင်ရွက်ရမည့်အခြေအနေ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်ရမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်အခြေအနေ၊ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကပ်ထားပြီးစီးမှုအခြေအနေနှင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရမည့်အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများနှင့် ပြစ်မှုပြစ်ဒဏ်အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောက်နစ် MEVM စက်များ သယ်ဆောင်ခြင်း၊ လက်ခံခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ နေရာချထားခြင်းနှင့် ကိုယ်တွယ်အသုံးပြုရမည့်အခြေအနေများ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးသည် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ သင်တန်းပို့ချနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၀၄) ဦး တက်ရောက်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)