နေပြည်​တော်​ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် တပ်ကုန်းမြို့နယ်အတွင်း ပန်းခင်း (၃) စီမံချက်အရ မှတ်ပုံတင်/အိမ်ထောင်စု စာရင်းဆောင်ရွက်ပေးမှုနှင့် ဒေသဖွံ့ဖြိုး​ရေး ကွင်းဆင်းကြည့်ရှုစစ်​ဆေး

တပ်ကုန်း ဒီဇင်ဘာ ၅

နေပြည်​တော်​ကောင်စီဝင်၊ ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပေါက်ပင်သာကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း (၃) စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်​တော်​ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ဂွေးပင်ကျေးရွာသို့ ရောက်ရှိ၍ ကွင်းအမှတ်(၂၀၄၃)၊ တောင်သူဦးညိုလွင်၏ Raka-666 မျိုး၊ ဝါစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြည်သူလူထု​တောင်းဆိုမှုအရ ချက်ချင်း​ဆောင်ရွက်သည့် အလျား (၂၂) ​ပေ၊ ၆ လက်မ၊ အကျယ် (၁၈) ​ပေ၊ ကုန်ကျ​ငွေ (၅၂) သန်းဖြင့် တည်​ဆောက်​နေသည့် ရေမြောင်းကူးကွန်ကရစ်တံတား၊ ​ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာနမှ ဆောက်ရွက်သည့် ဂွေးပင်-ရှားတော ကျေးရွာချင်းဆက်မြေသားလမ်း၊ ကျောက်ချောလမ်းအဖြစ် အရှည်(၀.၆)မိုင်အား ပြည်​ထောင်စု​ငွေလုံး​ငွေရင်းရန်ပုံ​ငွေကျပ် (၁၅၈) သန်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်း အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက သီးနှံစိုက်ပျိုးမှုများ၊ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်​တော်​ကောင်စီဝင်များက သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး ဆွေးနွေးမှာကြားခဲ့ပြီးနောက် အပတ်စဉ်ကျေးရွာသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား မှာကြားခဲ့သည်။

ယင်းနောက် နေပြည်​တော်​ကောင်စီဝင်များနှင့် တာဝန်ရှိသူများ ဥသျှစ်ကုန်းကျေးရွာအုပ်စုသို့ ရောက်ရှိ၍  ကွင်းအမှတ် (၁၂၇၉) ကွင်း၊ တောင်သူ ဦးလင်းလင်း၏ ဆင်းရွှေကြာ-၂ မျိုး၊ နေကြာ စိုက်ခင်း၊ တောင်သူ ဒေါ်အေးမြင့်ခိုင်၏  ဆင်းပဒေသာ-၁၁ မျိုး၊ မြေပဲစိုက်ခင်းနှင့်တောင်သူ ဦးဝိုင်း၏ ရေဆင်း-၄ မျိုး မတ်ပဲစိုက်ခင်း၊ ကွင်းအမှတ် (၁၂၈၈) ကွင်း၊ တောင်သူ ဦးကျော်စိုး၏ ဆင်းသုခမျိုး၊ စပါးစိုက်ခင်းတို့အား ကြည့်ရှုအားပေးခဲ့ပြီးနောက် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္စာရုံ ကျောင်းတိုက်၊ သက်တော်ရှည်ဆရာ​တော် ဘဒ္ဒန္တစန္ဒသိရီအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင် (ပြန်/ဆက်)