သန်လျင်မြို့နယ် ကရင်ဆိပ်ခေတ်မီစံပြကျေးရွာတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန် ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကရင်ဆိပ်ခေတ်မီစံပြကျေးရွာနေ ပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျေးရွာရှိ ပညာမိခင်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် စာကြည့်တိုက်ရေရှည်တည်တံခိုင်မြဲရေးအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်နှင်းနှင်းနွယ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းသားတောင်သူများ သွင်းအားစုပံ့ပိုးချေးငွေနှင့် သက်တံရောင်သွင်းအားစု ပံ့ပိုးချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသူရကျော်က ခေတ်မီစံပြကျေးရွာအနေဖြင့် ဆက်လက်လုပ်ဆောင်သွားရမည့်လုပ်ငန်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက ခေတ်မီစံပြကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာသူ/ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)