တပ်ကုန်း ဒီဇင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်အတွင်း အခြေခံပညာအလယ်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အနော်ရထာရပ်ကွက် (ရွာသစ်)အခြေခံပညာအလယ်တန်းကျောင်း၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့်ရည်ရွယ်မှန်းချက်” ခေါင်းစဉ်ဖြင့် ကိုယ်ကျင့်တရား၊ စာရိတ္တနှင့် စည်းကမ်းကောင်းမွန်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးရေး၊ ယဉ်ကျေးလိမ္မာရေးအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် အနော်ရထာရပ်ကွက်(နောင်သင်္ခါ)အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့်ရည်ရွယ်မှန်းချက်” ခေါင်းစဉ်ဖြင့် အလားတူ ရှင်းလင်းဟောပြောခဲ့သည်။
ထိုဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တင်စိုးလွင်