လမ်းမတော်မြို့နယ်  UMFCCI  တွင် Myanmar 4.0 Whitepaper ပြင်ဆင်ရေးဆွဲနိုင်ရေးဆွေးနွေးပွဲကျင်းပ

လမ်းမတော်  ဩဂုတ် ၅

လမ်းမတော်မြို့နယ်  UMFCCI  တွင် နိုင်ငံတော်အစိုးရမှ ဦးစီးပြီး စတုတ္ထစက်မှုတော်လှန်ရေးနှင့် အာဆီယံ (၄.၀) စီမံကိန်း တို့ကို ဦးတည်သော မြန်မာ ၄.၀ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်း၍ Myanmar 4.0 Whitepaper ရေးဆွဲရန် ပြင်ဆင်လျက်ရှိသည်။

ထိုစာတမ်းတွင် ပါဝင်သူ Stakeholder များ၏ ရည်မှန်းချက်များ၊ လိုအပ်ချက်များ၊ အကြံပြုချက်များနှင့် သဘောထားမှတ်ချက် များကို စုံလင်စွာ ထည့်သွင်းသွားနိုင်ရန် အတွက် Myanmar 4.0 Stakeholder Roundtable Regroup အစည်းအဝေးကို ယမန်နေ့  မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်း၍ အစည်းအဝေးကို  ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကုန်ထုတ်လုပ်မှု၊ ပညာရေး၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ် စီးပွားရေးစသည့် ကဏ္ဍ (၇)ခုတွင် ပါဝင်သည့် အသင်းအဖွဲ့များက ကြိုတင်ပေးပို့ ထားသည့် စစ်တမ်းလွှာများကို ဖြည့်စွက်လာပြီး အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

စစ်တမ်းလွှာများမှ ကောက်ခံရရှိသည့် အချက်အလက်များကို စုစည်းထည့်သွင်းခြင်းဖြင့် Myanmar 4.0 Whitepaper ရေးသား ရာတွင် ပိုမိုပြီးပြည့်စုံသည့် စာတမ်းတစ်စောင် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသောင်းတင်၊ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ချုပ် ဦးအေးဝင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ် သူများအသင်း၊   ပုဂ္ဂလိက အဆင့်မြင့် ပညာအဖွဲ့အစည်းများအသင်း၊ မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများ အသင်း၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ Myanmar Payment Union၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ  E-Commerce အသင်း၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ Myanmar Telecommunication Services Entrepreneurs’ Association တို့မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

ကျော်ဆန်းမြင့်