နမ့်စန်(တ) ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိမြို့ နယ်ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပါတီကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ တိုင်းရင်းသားပြည်သူများက သိရှိလိုသည်များကို မေးမြန်းကာ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား ကြည့်ရှု၍ စမ်းသပ်မဲပေးခြင်းများ လက်တွေ့လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)