မိုင်းဖြတ်မြို့နယ်၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ မူအကျင့်ပြောင်းလဲရေး အသိပညာပေး ဟောပြော

မိုင်းဖြတ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူ့ဘဝအစ ရက်(၁၀၀၀) အတွင်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့်ခန္ဓာကိုယ်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ မူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဝမ်ဟွေရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မေမေခင်က ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် (MCCT) အစီအစဉ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းခင်ပပကျော်က မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ အစာအုပ်စုမျှတစွာ စားသုံးရေးနှင့် အင်အားဖြစ်စေနိုင်သည့် အစာအာဟာရအကြောင်း သိကောင်းစရာများ အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ဝင်းနှင့် တာဝန်ရှိသူများက မိခင်နှင့်ကလေးငယ်များကို ကြက်ဥများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(မိုင်းဖြတ်)