မောက်မယ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မောက်မယ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ကျောင်းသား/ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေရေးအတွက် ယနေ့ နံနက် ၉ နာရီက ဟိုလွိုင်ကျေးရွာအုပ်စု၊ အ.မ.က(ဟိုလွိုင်)နှင့် အ.မ.က(နားလော့)သို့ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က လူငယ်များအနေဖြင့် ဘဝတိုးတက်ရေးလမ်းကြောင်းမမှားစေရန် လိုအပ်သောကြောင့် စာပေလေ့လာမှုအားကောင်းလာစေရေး၊ ဆုံးဖြတ်ချက်ချရာတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန် စာပေမှတစ်ဆင့် လေ့လာနိုင်ရေး၊ အချိန်ကို အကျိုးရှိစွာအသုံးချပြီး ယဉ်ကျေးလိမ္မာသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော လူတော်လူကောင်းများဖြစ်ပေါ်လာစေရေး စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံပုံပြင်စာအုပ်များအား ဖတ်ရှုစေခဲ့သည်။

ဆက်လက်ပြီး ပလတ်စတစ်အသုံးပြုမှုလျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)