ရန်ကုန် ဒီဇင်ဘာ ၄
နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းရာတွင် ကမာရွတ်မြို့နယ် မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါ၀င်သည့် အမည်စာရင်းနှင့် မဲစာရင်းတွင် ပါ၀င်သည့် အမည်စာရင်း မှန်၊ မမှန်၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ကမာရွတ်မြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်ရှိပြီး မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် ပါဝင်သင့်သူများ ပါဝင်ပြီး၊ မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရန် မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း (Door to Door) စာရင်းကောက်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း (Door to Door) ကွင်းဆင်းစစ်ဆေးသည့် နေရာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ လုပ်ငန်းဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေးနှင့် မှန်ကန်မှုရှိစေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)