ကျောက်ပန်းတောင်း ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လွတ်လပ်စွာ မဲဆန္ဒပေးနိုင်စေရန် အသိပညာပေး နှိုးဆော်သည့်၊ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက မြို့လယ်မီးပွိုင့်လမ်းဆုံနှင့် မီးသတ်လမ်းဆုံမီးပွိုင့်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင် ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၃၃ ဦးဖြင့် လူစည်ကားရာနေရာများဖြစ်သည့် မြို့လယ်ဘူတာလမ်းဆုံမီးပွိုင့်နှင့် မီးသတ်လမ်းဆုံမီးပွိုင့်တို့တွင် ဒို့တူတူမဲပေးကြမယ် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” လက်ကမ်းစာစောင်စောင်ရေ ၅၀၀ ကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)