ရန်ကုန် ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ ၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မသန်စွမ်းကိုယ်စားလှယ်များ၊ မသန်စွမ်းကျောင်းများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ၂၀၂၄ ခုနှစ်၊ မတ်လမှ ဇူလိုင်လအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လျောင်နင်ပြည်နယ်၊ ရှမ်းရန်မြို့နှင့် မလေးရှားနိုင်ငံ၊ ဆာဘားမြို့တို့၌ ပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် အာရှကလေးများ အနုပညာပြပွဲတွင် ပန်းချီကား (၁) ချပ် ပေးပို့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့သည့် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာမှ မောင်ရဲလေးအား ဂုဏ်ပြုချီးမြှင့်ငွေများဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းကျောင်းများဖြစ်သည့် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ နားမကြားသော ကလေးများကျောင်း၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ၊ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်)၊ မေရီချက် (ပ်) မင်းနားမကြားသော ကလေးများကျောင်း၊ ခဝဲခြံမျက်မမြင်ကျောင်း၊ အေးမေတ္တာမသန်စွမ်းရိပ်မြုံပရဟိတဂေဟာနှင့် ဧဒင်မသန်စွမ်းရိပ်မြုံပရဟိတဂေဟာတို့မှ တာဝန်ရှိသူများထံ ချီးမြှင့်ငွေများဖြင့်လည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၏ ဇနီး ဒေါ်မော်မော်သန်းက ၂၀၂၄ ခုနှစ်၊ မတ်လမှ ဇူလိုင်လအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လျောင်နင်ပြည်နယ်၊ ရှမ်းရန်မြို့နှင့် မလေးရှားနိုင်ငံ၊ ဆာဘားမြို့တို့၌ ပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် အာရှကလေးများ အနုပညာပြပွဲတွင် ပန်းချီကား (၁) ချပ် ပေးပို့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့သည့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းမှ မသုဝဠာဦးအား ဂုဏ်ပြုချီးမြင့်ငွေများကို ပေးအပ်သည်။
ယင်းနောက် ကုလသမဂ္ဂမှပေးပို့သည့် သဝဏ်လွှာ Video Clip နှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Clip တို့အား ပြသသည်။
၎င်းနောက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းမှ သမီးငယ်တစ်ဦးက “နန်းကိန္နရီ” သီချင်းဖြင့်လည်းကောင်း၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ သားငယ်တစ်ဦးက “မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်း” သီချင်းဖြင့်လည်းကောင်း၊ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) မှ သမီးငယ် (၅) ဦးက “ပန်းရည်ဘဏ်တိုက်” သီချင်းဖြင့်လည်းကောင်း၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာမှ သမီးငယ် (၃) ဦးက “ဗမာမလေးပါရှင့်” သီချင်းဖြင့်လည်းကောင်း၊ ခဝဲခြံမျက်မမြင်ကျောင်းမှ သားငယ် (၂) ဦးနှင့် သမီးငယ် (၂) တို့က “အစွမ်းရှိတဲ့လူသား” သီချင်းဖြင့်လည်းကောင်း အသီးသီးသီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ပြသထားသည့် ပြခန်းများနှင့် ရောင်းချနေသည့် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)