ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး ဟိုပုံးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှု

ဟိုပုံး ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိတို့ မဲစာရင်းများ ပါ၊ မပါသိရှိနိုင်ရန် တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဦးစွာ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ဖြိုးနိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူတို့က တောင်ရပ်ကွက်နယ်မြေ(၆)၊ ပေါင်လင်းကျေးရွာအုပ်စု၊ လွယ်တန့်ကျေးရွာ၊ နမ့်ခုတ်ကျေးရွာတို့၌ တာဝန်ရှိသူများက မဲစာရင်းများ၊ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်‌ဆေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်းတွင်ပါဝင်သည့် အမည်စာရင်းနှင့် မဲစာရင်း၌ ပါဝင်သည့် အမည်စာရင်းမှန်၊ မမှန်စိစစ်၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)