တာချီလိတ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အဖွဲ့သည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း လမ်း၊ တံတားကဏ္ဍတိုးတက်ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာချီလိတ် (ဆန်ဆိုင်းမြို့ပတ်လမ်း) ၄/၆.၇၅ မိုင်အတွင်း မြေသားလမ်း ၁ မိုင်၊ Box Culvert ၂ စင်း လုပ်ငန်းဆောင်ရွက်နေမှု၊ စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရွှေဝါနဒီပန်းခြံအား အများပြည်သူများ အပန်းဖြေအနားယူနိုင်မည့် ပန်းခြံအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ ထက်ကောင်းကင်ကုမ္မဏီမှ မယ်ခေါင်ချောင်း ရေထိန်းတံခါး (Stuice Gate) တည်ဆောက်ခြင်း (၃၃'-၀"×၄၂'-၀"×၉'-၀") (၃×၁၂'-၀"×၉'-၀")၏ လုပ်ငန်းအခြေအနေများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် တာချီလိတ်-ဝမ်ပုံလမ်း (၁/၀)မိုင်မှ ချစ်ကြည်ရေးတံတား (၂)အထိ တာချီလိတ် မြို့ရှောင်လမ်း ၄ မိုင်အတွင်း လမ်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မိတ္တီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (၄၆၃/၇)မိုင်အစမှ တာလေ-ပါလျှိုး-ကျိုင်းလပ် (၇/၄)မိုင်အဆုံးထိ တာလေ မြို့ရှောင်လမ်း (၈/၁.၅)မိုင်အတွင်း လမ်းခင်းကျင်းခြင်းဆောင်ရွက်နေမှု၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နမ့်ခမ်း(၀)ကျေးရွာစိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုနှင့် ရေရရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းလပ်မြို့ မြန်မာ-လာအိုချစ်ကြည်ရေးတံတား အခြေအနေနှင့် BCF ၌ တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းနှင့်တွေ့ဆုံကာ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ကုန်စည်စီးဆင်းမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တာလေမြို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် တာလေ-ပါလျှိုး-ကျိုင်းလပ်လမ်း အရှည် ၄၀ ပေ သံကူကွန်ကရစ်တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာလမ်းဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသူရဇော်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းများသတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြားက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)